Social Stories

ကွယ်လွန်သွားပြီးနောက် သူမအနှစ်သက်ဆုံးနေရာလေးမှာ သူမရဲ့ကမ္ဘာကျော် ကိုယ်ပိုင်ကိုယ်ဟန်ကြေးရုပ်တုဖြင့် ဂုဏ်ပြုခြင်းခံခဲ့ရတဲ့ လမ်းဘေးကြောင်မလေး

Written by KB Chimmy

Istanbul မြို့ရှိလူစည်ကားတဲ့လမ်းတစ်ခုမှာ ငြိမ်းချမ်းစွာ ဘော့စ်တစ်ယောက်လို ကိုယ်ဟန်ဖြင့် မှီထိုင်နေတဲ့ Tombili အမည်ရှိဝဝကစ်ကစ် လမ်းဘေးကြောင်မလေးတစ်ကောင်က 2016 ခုနှစ်မှာ နာမည်ကြီးလာခဲ့ပါတယ်။ Tombili ရဲ့လူသားနှင့်တူတဲ့ဟန်ပန်က အလွန်ရယ်စရာကောင်းတာကြောင့် အဆိုပါဓာတ်ပုံက အင်တာနက်ဖြစ်စဉ်တစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပါတယ်။ သိပ်မကြာခင်မှာဘဲ ထိုဓာတ်ပုံက ကမ္ဘာတစ်ဝှမ်းမှာ meme ပုံဖြစ်လာခဲ့ပေမယ့် Tombili ဟာ ဆိုရှဘ်မီဒီယာမှာ နာမည်မကြီးခင်ကတည်းက ၎င်း Ziverbey ရပ်ကွက်နေထိုင်သူတွေကြား အလွန်ရေပန်းစားနေခဲ့တာပါ။

.

Tombili မှာ ကိုယ်ပိုင်အိမ်မရှိပေမဲ့လည်း ၎င်းရဲ့ပြည့်ဖြိုးတဲ့ခန္ဓာကိုယ်နှင့် အမြဲသန့်ရှင်းနေတဲ့အမွေးတွေကိုကြည့်ခြင်းအားဖြင့် ၎င်းရဲ့အနီးနားပတ်ဝန်းကျင်က သူမအား ကောင်းစွာပြုစုစောင့်ရှောက်ထားတာကို သိနိုင်ပါတယ်။ နေထိုင်သူများက သူမဟာ ပြည့်ဖြိုးလွန်းတဲ့အတွက် တူရကီအမည်ပြောင်ဖြစ်သည့် ‘Tombili’ ဆိုတဲ့အမည်ကို ပေးခဲ့ကြပြီး Tombili ကို သူမ အနှစ်သက်ဆုံးနေရာမှာ ငြိမ်းချမ်းစွာ ဘော့စ်တစ်ယောက်လို ကိုယ်ဟန်ဖြင့်မှီထိုင်ပြီး လူအများကို အေးအေးဆေးဆေး ငေးကြည့်နေတတ်တာကို မကြာခဏတွေ့ရလေ့ရှိပါတယ်။ Tombili ရဲ့၎င်းဆွဲဆောင်မှုရှိတဲ့ဟန်ပန်က လမ်းသွားလမ်းလာတိုင်းရဲ့အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။

.

Tombili ရဲ့ထိုင်နေပုံဟန်ပန်က လူအများအား ဘဝကို လွယ်ကူစွာ ဖြတ်သန်းဖို့ ဖြေလျှော့ရန် အားပေးနေသလိုပါဘဲ။ ဝမ်းနည်းစရာမှာ Tombili ဟာ အလွန်ကျော်ကြားလာပြီးနောက်မှာ နာမကျန်းဖြစ်လာခဲ့ပြီး 2016 ခုနှစ် ဩဂုတ်လ 1 ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ Ziverbey ရပ်ကွက်နှင့် ကမ္ဘာတစ်ဝှမ်းမှ သူမရဲ့ပရိသတ်များအားလုံးက သူမ ရုတ်တရက်သေဆုံးမှုသတင်းကြောင့် စိတ်မကောင်းဖြစ်ခဲ့ကြရပြီး မြို့ခံများနှင့် လာရောက်လည်ပတ်သူများကလည်း သူမနှစ်သက်ရာနေရာမှာ ဖယောင်းတိုင်နှင့်ပန်းများ ပူဇော်ပေးခဲ့ကြပါတယ်။

.

Tombili ရဲ့အမှတ်တရများ ဆက်လက်ရှင်သန်နေစေဖို့အတွက် သူမရဲ့ပရိသတ်များက Istanbul မြို့ရဲ့ဒေသခံအစိုးရအား Tombili ရဲ့အထိမ်းအမှတ်ရုပ်တုတစ်ခုတည်ဆောက်ရန် အသနားခံစာတစ်စောင်တင်ခဲ့ကြပါတယ်။ ထိုအသနားခံစာမှာ လက်မှတ်ပေါင်း ၁၇၀၀၀ ကျော်ရရှိခဲ့ပြီး နောက်ဆုံးမှာ ၎င်းက မြို့တော်ဝန်အား ဆွဲဆောင်နိုင်ခဲ့တာကြောင့် ဒေသခံပန်းပုဆရာတစ်ဦးက Tombili ရဲ့ကျော်ကြားတဲ့ကိုယ်ဟန်ကို ပြန်လည်ဖန်တီးထုလုပ်ပေးခဲ့ပါတယ်။ Tombili ရဲ့ထိုကြေးရုပ်တုကို 2016 ခုနှစ် အောက်တိုဘာလ 4 ရက်နေ့ ဖွင့်ပွဲအပြီးမှာ ရာနှင့်ချီတဲ့လူများအပြင် အချို့သောလမ်းလေးကြောင်းများကလည်း အောက်မေ့ဖွယ် ပန်းပုကို လာရောက်ဂါရဝပြုခဲ့ကြပါတယ်။

.

နောက်ပိုင်းမှာ လူသားနှင့် ကြောင်များကလည်း Istanbul မြို့ရှိ ၎င်း Tombili ကြေးရုပ်တုဆီသို့ အထင်ကရတစ်ခုလို လာရောက်လည်ပတ်လာခဲ့ကြပါတယ်။ ဒါ့ပြင် Tombili ကို မကြာခဏဆိုသလို သူ့ပိုင်ရှင်ပြန်လာတာကိုထိုင်ပြီးစောင့်ဆိုင်းနေခဲ့တဲ့နေရာမှာ သူ့ကိုယ်ပိုင်ရုပ်ထုကိုစိုက်ထူထားခဲ့တဲ့ ဂျပန်ဂန္တဝင် ဂျပန် Akita ခွေး Hachiko နဲ့လည်း နှိုင်းယှဉ်လေ့ရှိပါတယ်။ ရိုးရှင်းတဲ့အမူအရာ (သို့) ကိုယ်ဟန်အနေအထားဖြင့် တိရိစ္ဆာန်များကလည်း လူတို့ရဲ့စိတ်နှလုံးကို မြှင့်တင်ပေးနိုင်တယ်ဆိုတာ Tombili နဲ့ Hachiko တို့က သက်သေပြပေးလိုက်သလိုပါဘဲဗျာ ။

Mia (KB Chimmy one)

Reference : awesomeinventions

About the author

KB Chimmy

Leave a Comment